ပုသိမ် ဖေဖော်ဝါရီ ၂၀
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အကောက်တောင်စေတီတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကောက်တောင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒာစာရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ အကောက်တောင်သာသနိကနယ်မြေအတွင်း သာသနိကအဆောက်အဦများ တည်ဆောက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ဆောင်ရွက်နေမှုအခြေအနေများ တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ရွှေမြင်းတင်စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုဖူးမြော်ခဲ့ပြီးနောက် အကောက်တောင်နံရံများရှိ နံရံကပ်ရုပ်ပွားတော်များအား ဖူးမြော်ခဲ့ကာ နံရံကပ်ရုပ်ပွားတော်များထိခိုက်ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်နိုင်ရေးအတွက် ဘုရားပရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော စက်မှုလယ်ယာ စနစ်ကျစံပြလယ်ယာမြေ ဧက(၁၀၀)အား တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရဲ့အုန်းပင်စုကျေးရွာရှိ စနစ်ကျလယ်ယာမြေ ဧက (၁၀၀) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါလယ်ဧကတွင် နွေစပါးနယူးဧရာ(၁)စပ် မျိုးစပါးပျိုးထောင်၍ ကောက်စိုက်သမများနှင့် စနစ်တကျစိုက်ပျိုးခြင်း၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ (Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း များကိုကြည့်ရှုအားပေးခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် စပါးခွံမြေဆွေးနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်၍ စုပေါင်းမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျ စံပြလယ်ယာမြေ ဧက (၁၀၀) ဖော်ထုတ်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်းနှင့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်း ဒေသကြီးသည် သီးနှံစုံအထွက်တိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မရဲ့အုန်းပင်စုကျေးရွာသည် စံပြကျေးရွာအဖြစ်တည်ရှိပြီး စနစ်ကျလယ်ယာမြေတွင် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချစိုက်နည်းစနစ် (Seeder) စသည့် ခေတ်မီစိုက်နည်းစနစ်များ စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စနစ်တကျမြေခံထည့်သွင်းခြင်း၊ မြေဩဇာအချိုးကျ ထည့်သွင်းသုံးစွဲခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများဖော်ထုတ် စိုက်ပျိုးခြင်းဖြင့် သုံးသီးစိုက်လယ်မြေများဖြစ်ထွန်း အောင်မြင်စေရေး တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုတက်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက စက်မှုလယ်ယာစနစ်ကျ စံပြလယ်မြေဧက (၁၀၀) ဖော်ထုတ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ရရှိမည့် အကျိုးကျေးဇူးများအားလည်းကောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူးမှမြေစာရင်းမြေပုံမှန်ကန်စေရေး ဆောင်ရွက်နေမှုနှင့် အကျိုးကျေးဇူးများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် စက်မှုလယ်ယာစနစ်ကျ စံပြလယ်မြေ ဧက (၁ဝဝ) ဖော်ထုတ်ရေးအဖွဲ့ အောက်မြန်မာပြည်(သံလျင်) အခြေစိုက် ဒုတိယတာဝန်ခံ ဦးစီးအရာရှိက စနစ်ကျလယ်ယာမြေဧက ဆောင်ရွက်ထားရှိမှု စာရွက်စာတမ်းနှင့် အထောက်အထားများအား တောင်သူများထံသို့ ပေးအပ်ရာတောင်သူများက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအားတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူအစုအဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တစ်နှစ်သုံးသီးအထိ စိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာအုပ်စုရှိ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၅၀) ဧက၌ စိုက်ပျိုးထားသည့် နယူးဧရာ(၁)စပ်မျိုး နွေစပါးစိုက်ခင်း ဖြစ်ထွန်းအောင်မြင်မှုများနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ နယူးဧရာ (၁) စပ်မျိုး စပါး၏ ပင်ပွားရရှိမှု၊ တစ်နှံအောင်စေ့ပါဝင်မှု၊ စပါးခွံဘိုကာရှီ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျသုံးစွဲမှုဖြင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုးမျိုးကောင်းမျိုးသန့်များအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေး၊ သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျသုံးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)