ထားဝယ် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ရေဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရေဖြူမြို့နယ်ဒေသ အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင်သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က လမ်းညွှန်အမှာစကားပြောကြားရာ၌ ရေဖြူမြို့နယ်သည်ယခင်က ထားဝယ်မြစ်ခြားပြီး တံတားမရှိသောကြောင့် သွားလာရသည့်အခါတွင် အခက်အခဲရှိကြောင်း၊ ယခုအခါ တံတားကြီးရှိနေသည့်အတွက် ထားဝယ်-ရေဖြူမြို့နယ်သွားလာရသည့်အခါတွင် အချိန်တိုအတွင်းရောက်ရှိကြောင်း၊ ရေဖြူမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းသည် မကြာခင်ကာလအတွင်း ပြန်လည်စတင်လည်ပတ်နိုင် ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ရေနက်ဆိပ်ကမ်းဖြစ်ပေါ်လာပါက လဲရှောင်၊မူးဒူး၊ထိန်ကြီး၊ မယင်းကြီး စသည့်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး စည်ကားလာနိုင်ကြောင်း၊ ယခုအခါရေဖြူနယ် မြေဒေသအတွင်း မလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စရပ်များကြုံတွေ့လာရသောကြောင့် ဒေသဖွံ့ဖြိုးရေးများ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း၊ ထားဝယ်-ရေဖြူမြို့နယ်အတွင်း ဝန်ထမ်းများသွားလာရေးနှင့်လုံခြုံရေးများ အထူးဂရုစိုက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ်နှင့်ဆီများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဖြူမြို့နယ်ရဲစခန်းရှိ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ပြည်သူ့ဆေးရုံကြီးမှအရာထမ်းအမှုထမ်းများအားသီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ အခြေခံ စားသောက်ကုန်များ၊ ထောက်ပံ့ငွေများ ပေးအပ်သည်။
အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ရုံးရှိအရာထမ်းအမှုထမ်းများနှင့် မိသားစု ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)