ဘားအံ ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း(၁/၂၀၂၄)ဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံတက္ကသိုလ် ကြက်ခြေနီ မောင်မယ်များအနေဖြင့် မွန်မြတ်လှသည့်ကြက်ခြေနီစေတနာလုပ်အားရှင်များအဖြစ် နေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိသော ထိခိုက်ဒဏ်ရာရရှိမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အဋိပက္ခအခြေအနေများတွင် ထိခိုက်ဒဏ်ရာရရှိမှုများကို မိမိတို့ကိုယ်ကျိုးကိုစွန့်ပြီး စွမ်းစွမ်းတမံ စဉ်ဆက်မပြတ် ပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဗဟိုကော်မတီဝင် ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဘားအံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာသဇင်ခိုင်က သင်တန်းဆင်းအစီရင်ခံစာကိုဖတ်ကြားကာ ဘားအံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သင်တန်းထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ သင်တန်းမှူးဦးခင်မောင်ထွေးက သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာသဇင်ခိုင်က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦး စောခင်မောင်မြင့်က ဘားအံတက္ကသိုလ်အသင်းခွဲထံသို့ ရွှေဖားစည်ကုမ္ပဏီမှလှူဒါန်းသော ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲအသင်းဝင်များက တေးသီချင်းများသီဆိုကပြဖျော်ဖြေကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၁၆၇ ဦး သင်တန်းဆင်းခဲ့ကြပြီး ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ပြည်သူ့အကျိုးပြုလူမှု ဂရုဏာလုပ်ငန်းများ တွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ရှေးဦးပြုစုခြင်းပညာရပ်များကို မြို့၊ ရွာ၊ ရပ်ကွက်များရှိ အိမ်တိုင်း၊ လူတိုင်းမှ လက်ဆင့်ကမ်းတတ်မြောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)