ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကျေးရွာပြည်သူအယောက် ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်းရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်းရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုထားသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး ဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဥပဒေပုဒ်မ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို  အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)