ကလိန်အောင်မြို့တွင်ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများအဆင်ပြေ

ကလိန်အောင် ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီအလိုက် သစ်သီးဝလံသီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ စတင်ခူးဆွတ်ချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

ကလိန်အောင်မြို့တွင် ကျောက်ဖရုံသီးအပင်များကို မြေနုကျွန်းပေါ်များဖြစ်သည့် ကိုင်း၊ ခြံများတွင်  မြေအောက်ရေဖြင့်သွင်း၍ နိုဝင်ဘာလပိုင်းမှာ စတင်၍ မျိုး‌စေ့များဝယ်ယူကာ စိုက်ပျိုးကြရပြီး အပင်များ အသီးအထွက်နှုန်းကောင်းမွန်းစေရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ဖျန်းပက်ပေးခြင်းဖြင့် ပြုစုပျိုးထောင်ပြီး  ရက်(၁၀၀)ကျော်ခန့်မှသာ ဈေးကွက်အတွင်းသို့ ခူးဆွတ်ရောင်းချရကြောင်း ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူ ကိုကျော်စိုးအောင်က ပြောသည်။

“အရင်နှစ်‌တွေ့က‌တော့ ကျောက်ဖရုံသီးအပင်များကို ဈေးကွက်ဝင်သီးနှံအဖြစ် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးခြင်း မရှိကြဘူး၊ ဒီနှစ်ကျမှာပဲ သစ်သီးဝလံ သီးနှံမျိုးစုံစိုက်ပျိုးတောင်သူများက ဈေးကွက်ဝင်ပြီး အဝယ်များလာတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ ကျောက်ဖရုံသီး ‌စတင်ခူးဆွတ်ချိန်တွင် ပေါက်ဈေးနှုန်းမှာ အလုံးအရွယ်အစားအလိုက် အလုံးကြီးတစ်လုံးကို ငွေ ၁၅၀၀မှ၂၅၀၀ ကျပ်၊ အသေးတစ်လုံးကို ငွေ ၁၀၀၀ မှ ၁၂၀၀ ကျပ်အထိ ဈေးရရှိပြီး ထွက်ရှိသည့် အသီးများကို ထားဝယ်မြို့နှင့် ကံပေါက်ဒေသတို့ရှိ အဝယ်ဒိုင်များက ခြံ၊ ကိုင်းများအထိ လာရောက်၍ ဝယ်ယူကြ‌ကြောင်း သိရသည်။

ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် နှစ်ရှည်အပင် ဥယျဉ်ခြံများ စိုက်ပျိုး လုပ်ကိုင်ကြသလို့ ရာသီအလိုက် ထွက်ရှိသည့်  ဖူးစားပြောင်း၊ နှမ်း၊ ဘူးသီး၊ တောင်ထိုင်ပဲ၊ ငရုတ်သီး၊  အစရှိတဲ့ သစ်သီးဝလံသီးနှံမျိုးစုံအပင်များကို မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြရပြီး မိသားစုဘဝအတွက် ဝင်ငွေရရှိအောင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် စိုက်ပျိုးလုပ်ကိုင်နေရကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)