ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်

ရေဦး ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲ ပြုလုပ်ခဲ့ရာရပ်ကွက်နေပြည်သူများ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိသားစု စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေး‌ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရေဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က နိုင်ငံတော်မှမြန်မာ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ပေး‌နေမှု၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနေမှု၊ အမျိုးသမီးများ၏ဘဝ လုံခြုံရေးကာကွယ်စောင့်ရှောက်ပေး ခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးခံရမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးဝာာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးနေခြင်းအပါအဝင် မြန်မာအမျိုးသမီးများ မကောင်းမှုဟူသမျှ မပြုလုပ်ကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်းက တီဘီရောဂါမှသည် အဆုပ်ကင်ဆာရောဂါဖြစ်ပွားလာခဲ့ပုံ၊ မိန်းခလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများ အခမဲ့‌ထိုးနှံပေးနေမှုအခြေအနေများ၊ မိခင်နှင့် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးနေမှု၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားရခြင်းအကြောင်းအရင်းများနှင့် ရောဂါမဖြစ် စေရန်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲလ်က မီးလောင်မှုဖြစ်ပွား ရခြင်းအကြောင်းအရင်း များနှင့် ကာကွယ်နည်း၊ မီးငြှိမ်းသတ်နည်းများကို ပြသရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် တက်ရောက်လာသူများက ရေစိုအဝတ်၊ မီးသတ် ဆေးဘူးအသုံးပြုကာ အရေးပေါ်မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်‌လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ရေဦး)