ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု၍ နွေစပါးသီးနှံများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းချေးငွေဖြင့် ဒေသခံတောင်သူ(၄)ဦး စုပေါင်းဆောင်ရွက်နေတဲ့ မြေအောက်ရေအသုံးပြု စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ကျွန်တော်တို့ကျေးရွာက ဆည်ရေပေးဝေမှုစနစ် မရရှိတဲ့အတွက် ယခုလိုနိုင်ငံတော်အစိုးရမှ ကျေးလက်နေပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံရဲ့သီးနှံစိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး စီမံကိန်းကိန်းချေးငွေများကို မတည်ထုတ်ချေးပေးတဲ့အတွက်လည်း များစွာဝမ်းသာပီတိဖြစ်မိပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ကျေးရွာမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေဖြင့် မြေအောက်ရေအသုံးပြုပြီးတော့ နွေစပါးများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ အထွက်တိုးစပါး ဆာဖိုးသာ စပါးမျိုးစေ့များကို ထောက်ပံ့ပေးပါတယ်ဗျ။ လက်ရှိမှာ နွေစပါးသီးနှံ(၁)ဧကခွဲလောက် စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ စုစုပေါင်းစိုက်ဧကအနေနဲ့ဆိုရင် နွေစပါးသီးနှံ(၆)ဧက လောက် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဆာဖိုးသာစပါးမျိုးအပြင် မနောသုခစပါးမျိုးများကိုလည်း စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုသီးနှံဝင်ငွေတိုးပွားရေးအတွက် စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ဟင်းသီးဟင်းရွက်သီးနှံများနဲ့ တစ်ပိုင်တစ်နိုင် ဘုရားပန်းစိုက်ပျိုးရေးကိုလည်း ဆောင်ရွက်နေပါတယ်။ စိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက လာရောက်ကူညီပံ့ပိုးပေးလို့ အဆင်ပြေပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ဌေးက ပြောသည်။
နိုင်ငံတော်အစိုးရမှ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းချေးငွေများ မတည်ထုတ်ချေး၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုကဏ္ဍလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ရန် လမ်းညွှန်ထားရှိရာ အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံတောင်သူ ဦးမြင့်ကျော်အပါအဝင် တောင်သူ(၄)ဦး စုပေါင်းပြီး စီမံကိန်းချေးငွေကျပ် ၈၂၅၀၀၀၀ ဖြင့် မြေအောက်အနက်ပေ ၅၀၀ ရှိ လေးလက်မခွဲ စက်ရေတွင်းတူးဖော်၍ 2050 w Solar ပြားများတပ်ဆင်၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဖော်ဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ Solar ရေတင်စနစ်အသုံးပြုဆောင်ရွက်သည့် စက်ရေတွင်းမှာတစ်နာရီလျှင် စိုက်ပျိုးရေဂါလန် ၁၅၀၀ ခန့်ထွက်ရှိ၍ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)