ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး

ကျိုက်လတ် ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသော ကုန်ပစ္စည်းများတွင်  စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာဖြင့် တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးရန် ကျန်ရှိနေသော မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား အလှည့်ကျ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)