ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများမရှိကြောင်း ဆွေးနွေးပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းပြီး ကြိုတင်အသိပေး ရှင်းလင်းထားပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် မဟုတ်မမှန် ကောလဟာလသတင်းမှားများကို မယုံကြည်ကြရန်နှင့် သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို မေးမြန်းဆွေးနွေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)