ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နာယက ဆရာကြီးဦးစိန်လွင်(ပညာရေးငြိမ်း)က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်" ငါမပိုသေးစိတ်ဓာတ်ဖြင့်" စာအုပ်တွင် ပါဝင်သော သုတ/ရသစာပေသိမှတ်ဖွယ်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကိုမေးမြန်းကာ မိမိတို့ဖတ်ရှုမှတ်သားထားသည့် စာပေအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့်ပူးပေါင်းပြီး ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အသိပညာဗဟုသုတတိုးပွားစေမည့် သုတ/ရသစာအုပ်ကောင်းများကို ရွေးချယ်၍ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)