ပုသိမ် ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့၊ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ၁၄၀ ပေ × ၃၀ ပေ RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ်ဆောက်လုပ်သော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်၏ စာရွက်စာတမ်းများအား ပညာရေး ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ်ရေရှည် တည်တံ့စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့် ကျေးရွာရှိ တောင်သူ ဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာ super sun-41 (၅)ဧက ဖြစ်ထွန်း အောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးနှင့် စနစ်တကျ မှတ်တမ်းထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ဗန္ဓုလလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်၊ မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ၊ ပြည်သူလူထု စုပေါင်းထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သည့်လမ်းဖြစ်ပြီး လမ်းအရှည် ၁၀၀၀ ပေ၊ အကျယ် ၁၆ ပေနှင့် ထု ၆ လက်မရှိကာ မော်လမြိုင်ကျွန်းမြို့တွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန် စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာရှိ တောင်သူဦးသိန်းကြွယ်၏ ဆီထွက်သီးနှံနေကြာ ရေဆင်း-၂ (၅) ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ စနစ်တကျဆောင်ရွက်စေရေး၊ နေကြာပွင့်များအား အရွယ်အစားအလိုက် မှတ်တမ်းထားရှိဆောင်ရွက်စေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)