အထက်မင်းလှ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက၊ ရွာသစ်ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းထွန်းအောင်က မြန်မာနိုင်ငံ၌ ၁၉၅၉ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို(၁၉၆၂)ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊ ၂၀၁၀ ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၅၉ ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ အမှတ် ၂၇/၂၀၁၀ ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဌာန်းခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးခိုင်၊ ဒုတိယဥပဒေအရာရှိ ဦးအောင်သူမြင့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြို့နယ်အဆင့်ကော်မတီများ၊ ရပ်ကွက်ကျေးရွာအဆင့်ကော်မတီများ ဖွဲ့စည်းသွားမည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့်အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန်ခေါ်ယူမည် မဟုတ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျ ရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ် စတင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကိုပြောကြားရာ၌ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်လွန်သူ၊ အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက(၁၈)နှစ်မှ (၄၅)နှစ်အတွင်း အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည်ကာလမှာ နိုင်ငံသားတိုင်း(၂၄)လဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသူများမှာ (၃၆)လဖြစ်သည်။ နိုင်ငံတော်၏ အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို (၅)နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)