မြင်းမူ ဖေဖော်ဝါရီ ၂၀
ရှေးယခင်ကပင် ပရိဘောဂပစ္စည်းအများစုကို ကျွန်းသားဖြင့်သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ကျွန်းသားရှားပါးလာခြင်း (သို့) ဈေးနှုန်းအလွန်ကြီးမြင့်လာခြင်းတို့ကြောင့် ကျွန်းသားအစား ထန်းသားအရင့်၊ ကုက္ကိုသားအရင့်စသည့် အနှစ်ပါသောအခြားသားများကို အသုံးပြုလျက် ပရိဘောဂပစ္စည်းများ တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း သိရသည်။
ပရိဘောပစ္စည်းအများစုကို ယခင်ကကျွန်းသားတစ်ခုတည်းကိုသာ အသုံးပြုလုပ်ကိုင်ကြကြောင်း၊ ယခုနောက်ပိုင်းတွင် ကျွန်းသားထက်ခိုင်ခံ့သည့် တမလန်းသစ်၊ သစ်ပိတောက်များကဲ့သို့ပင် ခိုင်ခန့်လှပသည့် ထန်းသား၊ ကုက္ကိုစသည့် အနှစ်ပါသည့် အခြားသစ်များဖြင့် ပရိဘောဂများကို ပြုလုပ်လာကြကြောင်း၊ အခြားသစ်များဖြင့် ပရိဘောဂပြုလုပ်ရာတွင် ကျွန်းသားကဲ့သို့ လွယ်ကူ ခြင်းမရှိဘဲ ခက်ခဲမှုအနည်းငယ်ရှိကြောင်း၊ ယခုပြုလုပ်လျက်ရှိသည့် ကုက္ကိုသားပရိဘောဂတစ်စုံလျှင် လက်ခစားလုပ်အားခအဖြစ် ငွေကျပ်(၁၅၀၀၀၀) ရရှိကြောင်းနှင့် သစ်/ လက်ခ ဆေးသုတ် အပြီးအစီး ပြုလုပ်ပါက ယခုလက်ရှိဈေးအနေဖြင့် ငွေကျပ်(၅)သိန်းကျော် ကုန်ကျမည်ဖြစ်ကြောင်း မြင်းမူမြို့ တပင်ရွှေထီးရပ်တွင် ပရိဘောဂ ပစ္စည်းများပြုလုပ်ရောင်းချနေသူ ဦးမင်းအောင်ထံက သိရသည်။
ပရိဘောဂပစ္စည်းများပြုလုပ်ရာတွင် အလေ့ကျပေါက်သည့် အဝေရာပင်အရင့်၊ ယူကလစ်အသားကဲ့သို့သော သစ်များဖြင့်လည်း စမ်းသပ်ပြုလုပ်လာကြကြောင်းလည်း သိရသည်။
အောင်စိုးဖေ (မြင်းမူ)