သာပေါင်း ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က နေအိမ်(၂)လုံး မီးလောင်ကျွမ်း၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာနေ ဦးတင်ဝင်း၏ (၁၈’×၃၀’×၂၇’) ပေ၊ (ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း) နေအိမ်မှ မီးစတင်လောင်ကျွမ်းပြီး အိမ်နီးချင်းနေအိမ်အား မီးကူးစက်လောင်ကျွမ်းနေမှုကို မြို့နယ်မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြသဖြင့် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီး ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြ သည်။
မီးစတင်လောင်ကျွမ်းသည့် ဦးတင်ဝင်း၏ နေအိမ်တွင် မောင် ------ (ဆွံ့အနားမကြား၊ စိတ်ပေါ့သွပ်သူ) အသက်(၁၅)နှစ်မှ မီးခြစ်နှင့် ဆော့ကစားရာတွင် အိမ်အနောက်ဘက်က စတင်လောင်ကျွမ်းကာ အိမ်နီးချင်း နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မောင် ------ (ဆွံ့အနားမကြား၊ စိတ်ပေါ့သွပ်သူ) မှာ မီးစတင် လောင်ကျွမ်းရာနေအိမ် အိပ်ခန်းအနားတွင် မီးလောင်ကျွမ်းသည့်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရသည်။
အဆိုပါ နေအိမ်(၂)လုံး၊ လူ(၁)ဦး ထိခိုက်သေဆုံးမှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာမှအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်