ကော့သောင်း နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုအစီအစဉ်တွင် ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် မိခင်များတစ်ဦးခြင်းစီသို့ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါပုံမှန် ကာကွယ်ဆေး ထိုးဆေး တိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင် ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)