တောင်ငူ ဖေဖော်ဝါရီ ၁၉
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့်ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို တောင်ငူမြို့၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ကျင်းပပြုလုပ်ရာတွင် တောင်ငူခရိုင်အတွင်းရှိ ဒေသခံမျိုးချစ်ပြည်သူ(၂၅၀၀)ဦးခန့်က ကေတုမတီမုခ်ဦးရှေ့မှ ရန်ကုန်-မန္တလေးလမ်းအတိုင်း “ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ထောက်ခံကြိုဆိုပါသည်” ၊ “နိုင်ငံတော်အား ပြည်တွင်း/ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေး တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ကြပါစို့”၊ “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံးစစ်ပညာသင်ကြားရန်”နှင့် “စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” ၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့” အစရှိသည့် ပိုစတာများကိုင်ဆောင်ပြီး ကြွေးကြော်၍ မိုင်ဒါကွင်းအတွင်း နေရာယူခဲ့ကြသည်။
ထို့နောက် မိုင်ဒါကွင်းတွင် မျိုးချစ်ပြည်သူများက နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝယုံကြည်ထောက်ခံပါကြောင်းဟောပြောပွဲကျင်းပခဲ့ကာ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး” ၊ “တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး”၊ “အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး” ၊ “ပြည်သူ့စစ်မှုထမ်းဥပဒေ အပြည့်အဝ ထောက်ခံပါသည်” စသည်ဖြင့် ကြွေးကြော်၍ ကြိုဆိုထောက်ခံပွဲ ပြီးမြောက်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)