ဒေးဒရဲ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ပြန့်ပွားရေး၊ ဗုဒ္ဓတရားတော်များကို ကျက်မှတ်ရွတ်ဆို ဖြေဆိုခြင်းဖြင့် သာသနာ့အာဇာနည် အရှင်မြတ်များ ပေါ်ထွန်းလာပြီး သာသနာတော်အကျိုးကို သယ်ပိုးထမ်းရွက်သွားနိုင်စေရန် ရည်ရွယ်၍ (၄၈) ကြိမ်မြောက် ဖျာပုံခရိုင် လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မင်္ဂလာကံကျောင်းတိုက်ရှိ ထေရဝါသကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး စာမေးပွဲကျင်းပရေး မြို့နယ်ဦးစီးနာယကဆရာတော်များအဖွဲ့ ဥက္ကဋ္ဌ မှော်အိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ နန္ဒသီရိက သြဝါဒကထာ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စာမေးပွဲကျင်းပရေး မြို့နယ်လုပ်ငန်းကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် စာမေးပွဲ ကျင်းပရေးဆပ်ကော်မတီ အသီးသီးက တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းများကို တင်ပြလျှောက်ထားခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညာစာရက နိဂုံးချုပ် သြဝါဒကထာ မိန့်ကြားခဲ့ပြီး ကြွရောက်လာသည့် ဆရာတော်များနှင့် တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သြဝါဒဆရာတော်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးဆရာတော်များ၊ စာဖြေရှင်သာမဏေများ ဆွမ်းဆက်ကပ်မည့်နေရာ၊ စာဖြေဆိုမည့် နေရာနှင့် တည်းခိုမည့်ကျောင်းဆောင်များ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေအာဂုံ၊ ရေးဖြေစာမေးပွဲကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ မတ်လ (၁) ရက်နေ့ထိ ဒေးဒရဲမြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များရှိ ကျောင်းတိုက်အသီးသီးက စာဖြေသံဃာ အပါး (၈၀၀) ကျော် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ သြဝါဒဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အသင်းအဖွဲ့များ စုပေါင်း၍ (၄) မြို့နယ်မှ ကြွရောက်မည့် ဆရာတော်၊ သံဃာတော်များနှင့် စာဖြေရှင်သာမဏေအပေါင်း ကိုယ်စိတ်နှလုံး ချမ်းသာစွာဖြင့် စာမေးပွဲကြီးအား ဖြေဆိုပြီးစီးရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)