ကဝမြို့နယ်တွင် (၁၁၆)ကြိမ်မြောက် မဟာအဘယမုနိငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲ ကျင်းပ

ကဝ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၁၁၆)ကြိမ်မြောက်မဟာအဘယမုနိငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၃၀)နာရီက ကဝမြို့ကျက်သရေဆောင် မဟာအဘယမုနိငါးထပ်ကြီးဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ကဝမြို့စက်ကျောင်းကျောင်းတိုက် ဦးစီးပဒါနနာယက ဆရာတော်ဦးဇောတိကထံမှ ငါးပါးသီလဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်များနာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများနှင့် ကြွရောက်လာသောသံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရားတော်မြတ်နာယူကာ ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)