အိမ်မဲ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပဲနုတ်သည့်ရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် ပဲစိုက်ပျိုးသည့် တောင်သူများက ပဲလိုက်နုတ်သည့်သူများအား တစ်မနက် (၅၀၀၀)ကျပ် ဖြင့် လိုက်လံ ငှားရမ်းဆောင်ရွက်လျက်ရှိကြသည်။
ပဲစိုက်ပျိုးသည့်တောင်သူများက မြို့နယ်အတွင်းရှိ ပဲနုတ်လိုသည့် လုပ်သားများအား ပဲမနုတ်မီ ရှေ့တစ်ရက်ကြိုတင်စုစောင်းထားရပြီး ပဲနုတ်မည့်နေ့ နံနက်ပိုင်းတွင် လုပ်သားများအား ဆောင်ရွက်မည့်လယ်ယာမြေသို့ ထော်လာဂျီယာဥ်ဖြင့် ပို့ဆောင်ကြရသည်။ ပဲနုတ်သည့် လုပ်သားများက နံနက် (၆) နာရီ မှ (၁၁) နာရီထိ တစ်မနက်ကို တစ်ဦးလျှင် (၅၀၀၀)ကျပ်၊ တစ်နေကုန်နုတ်သူများအနေဖြင့် (၉၀၀၀)ကျပ် ရရှိကြောင်းသိရသည်။
“ကျွန်တော်တို့ ပဲစိုက်တောင်သူတွေအနေနဲ့ ပဲနုတ်တဲ့လုပ်သားများကို မိမိတို့ကျေးရွာတွင် သာမကအခြားကျေးရွာများကလည်း လုပ်သားများကို ရှာဖွေဆောင်ရွက်ရပါတယ်။ အခြားကျေးရွာတွေကဆိုရင် လုပ်သားများကို ထော်လာဂျီနဲ့ အကြိုအပို့လုပ်ပေးရပါတယ်၊ တစ်ဧကကို ပဲနုတ်တဲ့လုပ်သား (၂၅) ယောက်နဲ့ဆို တစ်ရက်နုတ်ရင်ပြီးပါတယ်လို့” ပဲစိုက်သည့် တောင်သူတစ်ဦးကပြောသည်။
“ကျွန်မကတော့ မောင်လေးနဲ့အတူပဲလိုက်နုတ်တာပါ၊ တစ်မနက်ကို (၅၀၀၀) ဆိုတော့ နှစ်ယောက်ကို တစ်မနက် (၁၀၀၀၀)ကျပ်နဲ့ အိမ်စားစရိတ်အထောက်အကူပြုပါတယ်လို့ “ ပဲနုတ်သူတစ်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)