လိပ်သို ဖေဖော်ဝါရီ ၁၉
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော “ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို နှီးနှော ဖလှယ်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင် ဗဟုသုတများ၊ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်သည့် ဆင်ခြင်တုံတရားများ တိုးပွားလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ် ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောဝီလ်ဆင်ဆန်းက “ပန်းလိုနုနယ် ကလေးငယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်စံပယ်မိုးက “ကလေးကိုရိုက်သင့်မရိုက်သင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ဂျီသက်ဝေဖြိုးက “မိဘဆရာ ရိုသေပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်း တက်ရောက်လာသူ Book Club အဖွဲ့ဝင်များက ဖတ်ကြားဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်း အပြန်အလှန် မေးမြန်းဆွေးနွေးပြီးနောက် လာမည့် စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)