ဟုမ္မလင်း ဖေဖော်ဝါရီ ၁၉
ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့် ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နေလယ် (၁၂)နာရီ အချိန်က မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုကို ဟုမ္မလင်း ရပ်ကွက်ရှိ အ-မ-က (၁) ကျောင်းနှင့် ခိုပဲဝ ရပ်ကွက်ရှိ အ-မ-က (၂) ကျောင်းသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်/ဆက် ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် အထူးသဖြင့် မီးလောင်မှု၊ မီးလန့်မှုနှင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ၊ ရေကန်များတွင် ရေအသင့်ထားရှိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စာသင်ကျောင်းများတွင် မီးလောင်မှု မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များလည်း ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)