ငဖဲ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် အသက် (၅) နှစ်မှ (၇) နှစ်အရွယ် KG တန်းကျောင်းသား ကျောင်းသူကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ဆုံဆို့ရောဂါနှင့် မေးခိုင်ရောဂါ နှစ်မျိုးစပ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းနှင်းက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကလေးမိခင်များအား ဆုံဆို့ရောဂါဆိုသည်မှာ နှာခေါင်းနှင့်လည်ချောင်းအချွှဲမြှေးတို့တွင် ဖြစ်တတ်သည့် ပြင်းထန်ဆိုးရွားသော ဘက်တီးရီးယား ရောဂါပိုးဖြစ်ကြောင်း၊ ရောဂါလက္ခဏာများ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး သားဖွားဆရာမဒေါ်စိုးမူယာသက်နှင့်ဝန်ထမ်းများက ဆုံဆို့ရောဂါ ကာကွယ်ရန်အတွက် မေးခိုင်ရောဂါကာကွယ်ဆေးနှင့် ရောစပ်ထားသော နှစ်မျိုးစပ်ကာကွယ်ဆေး (DT) ကို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများမှ KG ကလေးငယ် (၇၁) ဦးအား ထိုးနှံပေးခဲ့သည်။
ငဖဲမြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မွေးစမှ အသက် (၁၀) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)