ဘိုကလေးမြို့နယ် အ.လ.က(၁) ကျောင်းသားဟောင်းများမှ အခြေခံစားသောက်ကုန်များ ဒုတိယအကြိမ် လှူဒါန်း

ဘိုကလေး     နိုဝင်ဘာ    ၃

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ စားဝတ်နေရေးအခက်အခဲရှိသည့် အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်းသားဟောင်းများအား ကျောင်းသားဟောင်းအချို့မှ စုပေါင်း၍ အခြေခံစားသောက်ကုန်များကို အောက်တိုဘာ(၂၉)ရက်နေ့တွင် အချင်းချင်း ပြန်လည်လှူဒါန်းခဲ့ရာ ကျန်ရှိနေသေးသော ကျောင်းသားဟောင်း (၃၁)ဦးအား ယမန်နေ့ ညနေ(၄)နာရီခန့်၌ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းခဲ့ကြသည်။

ပထမအကြိမ်လှူဒါန်းရာတွင်  စားဝတ်နေရေးအခက်အခဲရှိသည့် ကျောင်းသားဟောင်း (၃၁)ဦးအား လှူဒါန်း ပေးခြင်းဖြစ်ပြီး  ယခုအကြိမ်တွင်လည်း ကျန်ရှိနေသည့် (၃၁)ဦးအား ထပ်မံလှူဒါန်းပေးခြင်း ဖြစ်ကြောင်း၊ တစ်ဦးလျှင် မွှေးဆန်(၄)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်(၁) ပိဿာ၊ ဘဲဉ(၁၀)လုံး၊ ဆား၊ အချိုမှုန့်တို့အား လှူဒါန်းပေးခဲ့ကြကြောင်း အလှူရှင် အ.လ.က(၁) ကျောင်းသားဟောင်း တစ်ဦးထံမှ သိရသည်။

လှူဒါန်းမှုအား လက်ခံရရှိသည့် ကျောင်းသားဟောင်းတစ်ဦးက “ယခုအချိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ ကာလမှာ စားဝတ်နေရေးအဆင်ပြေတဲ့ ကျောင်းသားဟောင်းတွေက စုပေါင်းပြီး ကျွန်တော်တို့လို စားဝတ်နေရေး ခက်ခဲကြသူတွေကို အချင်းချင်းထောက်ပံ့လှူဒါန်းတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်။ အလှူရှင်များလည်း ကျန်းမာချမ်းသာကြပြီး ကပ်ရောဂါဆိုးကြီးလည်း အမြန်ဆုံး ပပျောက်နိုင်ပါစေ” ဟု ပြောကြားခဲ့သည်။

မိုးစက်(ဘိုကလေး)