ပန်းတနော် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ခြောက်သွေ့သော နွေရာသီရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်း လိုက်လံ အသိပညာပေး စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မင်းတစုကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကောင်းထက်နိုင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မင်းတစုကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေး၊ မီးဖိုများအား မြေတွင်ချပြီး ချက်ပြုတ်စေရေး စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံအသိပညာပေး စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)