သံတောင်ကြီး ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး ဖေဖော်ဝါရီလတွင် တတိယအကြိမ် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ မိုးတွင်းအချိန်တွင် ကွမ်းရွက်ကြမ်းများ အထွက်နှုန်း ကောင်းသော်လည်း ဈေးနှုန်း ကျဆင်းပြီး တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀) ထိသာ ရရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းရရှိကာ (၁၀) ပိဿာလျှင် ကျပ်(၂၀၀၀၀)မှ ကျပ် (၂၂၀၀၀)အထိ ဈေးကာင်းရရှိလျက်ရှိကြောင်း တောင်ပေါ်ကွမ်းရွက်ကြမ်း ရောင်းဝယ်လုပ်ကိုင်သူ ဦးစောသာဝါးထံက သိရသည်။
စောမင်းသား(ပြန်/ဆက်)