မြန်အောင် ဖေဖော်ဝါရီ ၁၉
ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်က နောင်မြို့သည် သာယာ၀တီ မင်းလက်ထက် စုဆောင်းပြုစုခဲ့သည့် ပုသိမ်(၃၂) မြို့စာရင်းတွင် ကနောင်မြို့၏ အမည်ကို ကျိုက်တောမြို့၊ ကျိုက်တောသုံးဆိုင်မြို့၊ ကနောင်မြို့ ဟု ဖော်ပြထားပြီး အားလုံး မွန်စကားချည်းဖြစ်သည်။ “ကျိုက်တော” ဆိုသည်မှာ ဘုရားများဖြင့် သာယာစည်ကားသောမြို့ဟု အဓိပ္ပာယ်ရှိပြီး“ကနောင်” ဆိုသည်မှာ ခနောင်းဝဲ(သြဃ) ဖြစ်သည်။ ကနောင်မင်းသားကြီး အပိုင်စားခဲ့သော ကနောင်မြို့တွင် ဗုဒ္ဓသာသနာ ထွန်းကားခဲ့ရာ ရှေးဟောင်းသမိုင်း၀င် စေတီပုထိုးများစွာရှိသည့်အနက် အမှတ်(၅)ရပ်ကွက်၊ ရိုက်စုရပ် ဘုရားကြီးကျောင်းတိုက်အတွင်း မဟာလောက မုနိန်မာရဇိန်ကြေးဆင်းတု မြတ်စွာဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီး လည်းပါ၀င်သည်။
မဟာလောကမုနိန်မာရဇိန် ကြေးဆင်းတုဘုရားကြီးကို သာသနာတော် သက္ကရာဇ် ၂၄၄၃ ခု၊ ကောဇာသက္ကရာဇ် ၁၂၆၁ ခု၊ တန်ခူးလဆုတ်(၃)ရက်၊ တနင်္လာနေ့ နေ့လယ် (၂)နာရီ အချိန်တွင် ပြည်မြို့ အင်ကြင်းမြောင် တောရဆရာတော်ဟု ထင်ရှားသော ဆရာတော် ဦးအာသဘ ဦးစီး၍ သွန်းလုပ်ခဲ့ပြီး အလှူရှင်များမှာ ကနောင်မြို့ မြောက်ရပ် ဦးရွှေကျမ်း+ဒေါ်လုံမ တို့က မတည်ပြီး ကနောင်မြို့သူ မြို့သားနယ်သူ၊ နယ်သားများမှ စုပေါင်းလှူဒါန်းကြသည်။ မဟာလောက မုနိန်မာရဇိန် ကြေးဆင်းတု ဘုရားကြီးသည် ဉာဏ်တော်(၉)တောင် (၂)မိုက်ရှိပြီး ကြေး ပိသာချိန် (၄၀၀၀) တန်ဖိုးငွေဒင်္ဂါး(၆၀၀၀)ကျပ်၊ ဘင် ပိသာချိန် (၁၀၀၀) တန်ဖိုးငွေဒင်္ဂါး(၂၀၀၀)ကျပ် နှင့်မျက်နှာတော် သွန်းလောင်းရာတွင် ရွှေငွေရတနာများ ထည့်၀င်လှူဒါန်း၍ ပူဇော်ထားကြောင်း သမိုင်းကျောက်စာအရသိရသည်။မဟာလောက မုနိန်မာရဇိန်ကြေးဆင်းတု မြတ်စွာဘုရားကြီး စံပါယ်တော်မူရာ သစ်သားတံကဲတော်ကြီးကို ပန်းပုပညာရှင် ပခုက္ကူမြို့မှ ပန်းပု ဆရာကြီး ဦးကံကြီးနှင့် သား မောင်တေတို့က ကြေးဆင်းတုတော်ကြီး သွန်းလုပ်သည့် ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်တွင် စတင်ထုလုပ်ခဲ့ပြီး ယမနေသစ်ဖြင့် သစ်လုံးအတိုင်း လေးထပ်ဖောက် ပန်းများနှင့် ဗုဒ္ဓ၀င်နိပါတ်တော်လာ ဇတ်၀င်ခန်းကို ရုပ်လုံးရုပ်ကြွများဖြင့် ထုလုပ်ထားရာ တံကဲတော်ကြီး၏ အထက်တည့်တည့်တွင် မဟာဇနက ဇတ်တော်ကြီး၊ အရှေ့ဘက်ခြမ်းတွင် ကြာချီလှပ်ခန်း၊ တောထွက်ခန်းများနှင့် အနောက်ဘက်ခြမ်းတွင် ဝိဓူရဇတ်တော်တို့ကို ရုပ်လုံးရုပ်ကြွများဖြင့် အနုပညာလက်ရာမြောက်စွာ ထုလုပ်ပူဇော်ထားသည်။ ကနောင်တံကဲကြီးကို ယမနေသားဖြင့် အမြင့်(၁၈)ပေ (၈)လက်မ ၊ အနံ(၁၅)ပေ (၃)လက်မ၊ ဒု(အထူ)(၆)လက်မ၊ လေးထပ်ပန်းပုံဖော်၍ ဗုဒ္ဓ၀င်နိပါတ်တော်လာ ဇတ်၀င်ခန်းများဖြင့် အချိန်(၃)နှစ်ကြာ (၁၂၆၄ ခုနှစ်အထိ) ထုလုပ်ခဲ့ရပြီး လက်ခငွေဒင်္ဂါး (၃၀၀၀)ပေးရကြောင်း ဘုရားကြီးကျောက်စာ မှတ်တမ်းများအရ သိရသည်။။ ပခုက္ကူမြို့မှ ပန်းပုဆရာကြီး ဦးကံကြီးနှင့် သားမောင်တေတို့သည် ပခုက္ကူမြို့၊ ရွှေကူဘုရားကြီး၏ (၈)ထပ်တံကဲတော်ကြီးကို ထုလုပ်သူများဖြစ်ပြီး ကနောင်တံကဲတော်ကြီး ထုလုပ်ပြီး (၈)နှစ်အကြာ ကောဇာသက္ကရာဇ် ၁၂၆၉ ခုနှစ်မှ စတင်၍ ရွှေကူတံကဲကြီးကို ထုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရှားပါး၍ တန်ဖိုးမဖြတ်နိုင်သော နှစ်ပေါင်း (၁၂၄) နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်သော မဟာလောက မုနိန်မာရဇိန် ကြေးဆင်းတု မြတ်စွာဘုရားကြီးနှင့် တံကဲတော်ကြီးကို ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့ ရိုက်စုရပ် ဘုရားကြီးကျောင်းတိုက်တွင် လာရောက်ဖူးမျှော် ကြည်ညိုနိုင်ပါသည်။
ယခုအခါ မဟာလောကမုနိန်မာရဇိန် ကြေးဆင်းတု မြတ်စွာဘုရားကြီးနှင့် တံကဲတော်ကြီး၏ ဂန္ဓကုဋိတိုက်အား ရှေးမူမပျက် ပြန်လည်ပြင်ဆင်ထားပြီး သမိုင်းဝင် ရှေးဟောင်း အနုပညာလက်ရာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
၀င်းဗိုလ် (ပြန်/ဆက်)