အထက်မင်းလှ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းများနှင့် ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံတို့၌ ထို့နှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးရခြင်းမှာ ဆုံဆို့နာရောဂါကာကွယ်ဆေးပါဝင်သည့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ဆုံဆို့နာရောဂါဖြစ်ပွားခြင်းကို ကာလရှည်ကြာ ကာကွယ်ပေးနိုင်ရန်၊ ကျောင်းအခြေပြုထိုးနှံခြင်းအားဖြင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားစွာရရှိနိုင်ရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူလေးများအား ကာကွယ်ဆေးထိုးနှံရန် စာရင်းရေးသွင်းပေးပြီး ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူများအား မိနစ်(၃၀)ခန့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆို့ဆို့-မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဖေဖော်ဝါရီ (၁၉)ရက်နေ့တွင် (၁၂၀)ဦးထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)