မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ ကြီးမှူးကျင်းပသော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့၊ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားရာ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းကာ အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်သောကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိကင်းရှင်းစွာ ဆောင်ရွက်စေလိုကြောင်း၊ (CPU)အဖွဲ့သည် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ခြင်း၊ တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီဖြေရှင်းခြင်း၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေး တားမြစ်ထိန်းချုပ်ခြင်းစသည့် လုပ်ငန်းတာဝန် (၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များတွင် (CPU)အဖွဲ့များကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဖွဲ့စည်း၍ ယခုလက်ရှိတွင် မင်းဘူးခရိုင် (CPU)အဖွဲ့ထံ တိုင်ကြားထားသော အဂတိအမှုနှစ်မှုကို မိမိတို့အဖွဲ့အနေဖြင့် ကိုင်တွယ်ဖြေရှင်းပြီး စစ်ဆေးဆောင်ရွက်လျက်ပါရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မင်းဘူးခရိုင် (CPU)အဖွဲ့ဝင်များက ခရိုင်နှင့် မြို့နယ်များတွင် (CPU)အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်းဘဏ္ဍာများ၊ အဂတိလိုက်စားမှုတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် ပြစ်မှုဖြစ်စဉ်များ၊ ပြစ်မှုဖြစ်ပွားလာပါက စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုထင်ရှားပါက အပြစ်ပေးအရေးယူခံရနိုင်သည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း၊ ငွေကြေးခဝါချမှုနှင့် အခွန်ရှောင်တိမ်းမှုများဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ စီးပွားရေးကုန်ကျစရိတ်တိုးမြှင့်စေခြင်း၊ အရင်းအမြစ်ခွဲဝေသုံးစွဲမှုတွင် မမှန်မကန်ဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုတိုးပွားစေခြင်း၊ အများပြည်သူ ယုံကြည်မှုပျက်ယွင်းစေခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေခဲ့ကြပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသော အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)