လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် တောင်သူများအနေဖြင့် ဆောင်းမြေပဲအပြင် ပြည်တွင်း၊ပြည်ပတွင် စျေးကွက်ရရှိသည့် ဆောင်းပဲပုပ်သီးနှံနှင့် ပဲမျိုးစုံသီးနှံကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဆောင်းမြေပဲမျိုးများအနေဖြင့် ဒေသအခေါ် ပင်ထောင်ကြီး၊ ပင်ထောင်လေး၊ ရေဆင်းမျိုးများကို စိုက်ပျိုးကြပြီး ဒေသ၏ ရေ၊ မြေနှင့် ကိုက်ညီသည့် ပင်ထောင်ကြီး၊ ပင်ထောင်လေး မြေပဲမျိုးကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းမြေပဲကို အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကြ၍ ပင်ထောင်ကြီးမြေပဲမျိုး၏ စိုက်သက်တမ်းမှာ ရက်ပေါင်း (၉၀) ဝန်းကျင်ဖြစ်ပြီး၊ ပင်ထောင်လေးမြေပဲမျိုး၏ စိုက်သက်တမ်းမှာ ရက်ပေါင်း (၁၁၀) ဝန်းကျင် စိုက်ပျိုးကြရပြီး ပေါင်းမြက်များ မရှိစေရန်အတွက် ဂရုစိုက်ကြရကြောင်း ဆောင်းမြေပဲစိုက် တောင်သူများက ရှင်းပြကြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)စုမှ ဆောင်းမြေပဲစိုက်ဧက (၉၁၂) ဧကနှင့် ဆောင်းပဲပုပ် (၂၂၆) ဧက၊ စုစုပေါင်း စိုက်ဧက (၁၁၃၈) ဧက အတွက် တောင်သူ စုစုပေါင်း (၁၉၇)ဦးအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့မှ ဆောင်းမြေပဲ (၁) ဧကလျှင် ငွေကျပ် (၂) သိန်းနှုန်း၊ ဆောင်းပဲပုပ် တစ်ဧကလျှင် ငွေကျပ် (၁၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၀၉.၅၂)သန်း၊ ဆီစက် (၁) စက်လျှင် ငွေကျပ် (၅၀၀) သိန်းနှုန်းဖြင့် စုစုပေါင်း ဆီစက် (၈) စက်အတွက် ငွေကျပ်သိန်းပေါင်း (၄၀၀၀)ကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲနှင့် ပဲပုပ်စိုက် တောင်သူများအား နိုင်ငံတော်မှ ထုတ်ချေးပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။
ဆောင်းမြေပဲ တစ်ဧက အထွက်နှုန်းမှာ ပျမ်းမျှတင်း (၇၀) ခန့် (အခွန်ပါ) ထွက်ရှိပြီး၊ ထွက်ရှိသော မြေပဲများကို မြေပဲဆီ ကြိတ်ခြင်း၊ မြေပဲဆားလှော်အဖြင့် ရောင်းချခြင်းနှင့် ရန်ကုန်၊ မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ မြေပဲဆံ(၁၀)ပိဿာကို စက်ဖြင့် ကြိတ်ခွဲလျှင် မြေပဲဆီ (၄)ပိဿာ ထွက်ရှိကြောင်း၊ မြေပဲဆီတစ်ပိဿာ စျေးနှုန်းမှာ ငွေကျပ် (၁၆၀၀၀) ရောင်းချကြောင်း၊ မြေပဲတောင့်တစ်တင်း (၄၂၀၀၀) ကျပ်၊ မြေပဲကြိတ်ဖတ်တစ်ပိဿာ (၃၀၀၀)ကျပ် စျေးရရှိကြောင်း၊ မြေပဲကြိတ်ဖတ်များကို သက်သတ်လွတ် ငပိပုံစံ စားသုံးခြင်း၊ တိရိစ္ဆာန်အစားအစာနှင့် သဘာဝ မြေသြဇာ ပြုလုပ်ခြင်းတို့အတွက် အသုံးပြုကြကြောင်း၊ မြေပဲဆံ(၃၀၀)တင်းကြိတ်ခွဲလျှင် စက်သုံးဆီ (၁၄)ဂါလံ ကုန်ကျပါကြောင်း ရွှေကောင်းစံ ဆီစက်ပိုင်ရှင် ဒေါ်နီနီအေးက ရှင်းပြသည်။
လှိုင်းဘွဲမြို့နယ်အတွင်း မိုးမြေပဲ (၆၅၀)ဧက၊ ဆောင်းမြေပဲ (၆၄၆၃)ဧက၊ စုစုပေါင်း မြေပဲစိုက်ဧက (၇၁၁၃) ဧကကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းပဲပုပ် စိုက်ဧက အနေဖြင့် (၃၄၂၇)ဧကကို စိုက်ပျိုးထားရှိပြီး တစ်ဧကအတွက်နှုန်းမှာ (၁၈) တင်းခန့် ထွက်ရှိကြောင်း၊ ပဲပုပ် တစ်တင်း၏ စျေးနှုန်းမှာ ငွေကျပ်(၅)သောင်းဝန်းကျင် ရရှိကြောင်း၊ ထွက်ရှိသော ပဲပုပ်ပဲများကို ပဲပြားကြိတ် ရောင်းချခြင်း၊ အသက်သတ်လွတ် ပဲငပိ ပြုလုပ်ခြင်းနှင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချခြင်းများ ပြုလုပ်ကြကြောင်း မြေပဲစိုက်တောင်သူ ဦးဝေလင်းထွန်းထံမှ သိရသည်။
လင်းသန့်(ပြန်/ဆက်)