စလင်း ဖေဖေါ်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဥ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က ဆင်ဖြူကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမဆောင်တွင် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံသားတိုင်း ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်သူနှင့် ဥပဒေအရာရှိ ဦးရန်အောင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ မြို့နယ်အဆင့်တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက မိမိတို့သိရှိလိုသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ ဆွေးနွေးမေးမြန်းချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)