လှိုင်းဘွဲ၊ နိုဝင်ဘာလ ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမန်းကျော်ဝင်းမောင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခန်းမတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်မဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်၊ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးကြရန်၊ မဲရုံများတွင် သတ်မှတ်ထားသောနေရာ/အချိန်တို့ကို ဥပဒေနှင့်အညီသတ်မှတ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က လှိုင်းဘွဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်သည် ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် လှိုင်းဘွဲမြို့ (ခ) ရပ်ကွက်၊ (ဂ) ရပ်ကွက်၊ ကွမ်ဘီကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အသက်(၆၀)နှင့်အထက် ကြိုတင် ဆန္ဒမဲပေးမှုအခြေအနေများ၊ မဲရုံထားရှိသော နေရာများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)