ဟင်္သာတ နိုဝင်ဘာ ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အဖွဲ့ဝင် ဦးသန်းအောင်သည် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တရားမျှတ၍ လွပ်လပ်သော ရွေးကောက်ပွဲတစ်ခုအဖြစ် သမိုင်းတွင်အောင် မှန်မှန်ကန်ကန် လုပ်ဆောင်ရမည် ဖြစ်ပြီး မိမိတို့ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ မှန်ကန်သော လုပ်ထုံးလုပ်နည်းများဖြင့် ဘက်လိုက်မှုကင်းပြီး လုပ်ကိုင်စေလိုကြောင်း နှင့်တွေ့ကြုံရသည့် အခက်အခဲများအား တွေ့ဆုံမေးမြန်းခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းအေးတို့က မိမိတို့ခရိုင်/မြို့နယ်တွင် တွေ့ကြုံရသောအခက်အခဲများ၊ ကြိုတင်မဲပေးနေမှု အခြေအနေများ၊ မဲရုံများဆောင်ရွက်ထားရှိမှုတို့ကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်မှ ဆောင်ရွက်ရမည်များ၊ သတိထားစရာ အချက်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇော်(ဟင်္သာတ)