သရက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂(နေ့စား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြီးကြပ်-၂(နေ့စား) သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်မှာစကား ပြောကြားခဲ့ပြီး ယခုဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၆၉)ဦး တက်ရောက်ခွင့်ရရှိကြောင်း၊ သင်တန်းသား/သင်တန်းသူများမှာ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နေ့စားဝန်ထမ်းအဖြစ် ရွေးချယ်ထားသူများဖြစ်ကြောင်း၊ ရွေးချယ်ခြင်းခံရသူများမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား မိဘ(၂)ပါးမှ မွေးဖွားလာသူဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၂၅)နှစ်ထက် မကျော်လွန်သူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ သင်တန်းတက်ရောက်သည့် သရက်မြို့နယ်နှင့် ကံမမြို့နယ်မှ ကြီးကြပ်-၂ ဝန်ထမ်း(၂)ဦးက သင်တန်းတက်ရောက်သည့် ရည်ရွယ်ချက်များအား ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)