ဟင်္သာတ တက္ကသိုလ်၌ ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်များအလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်များအလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများမှ စစ်ကြောင်းမှူးဦးဆောင်၍ ကွင်းအတွင်း နေရာယူခဲ့ကြပြီး အားကစားကော်မတီ ဥက္ကဋ္ဌ ဟင်္သာတတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးလွင်အား ချီတက်အလေးပြုခြင်း ဆောင်ရွက်ခဲ့ကြပြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ" မိမိတို့ တက္ကသိုလ် အနေဖြင့် အားကစားနှင့် ကာယပညာကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများကိုလည်း မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အားကစားပွဲများကို ပညာသင်နှစ်အလိုက် ကျင်းပပြုလုပ်ပေး လျက်ရှိကြောင်း၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အနာဂတ် လူငယ်များ ဖြစ်ကြစေလိုကြောင်း၊ စိတ်ဓာတ်/စည်းကမ်းကောင်းသော နိုင်ငံတော်မှ အားကိုးထိုက်သော လူငယ်များ ဖြစ်ကြစေလိုကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် အဖွင့်ပွဲစဥ်အဖြစ် ပထဝီဝင် မေဂျာအသင်းနှင့် ရွှေဟင်္သာဆောင် အသင်းတို့မှ ယှဥ်ပြိုင်ကစားခဲ့ကြသည်။

 အဆိုပါ အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးလွင် နှင့် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲအား ဘာသာရပ်အလိုက် အသင်း(၁၃) သင်းဖြင့် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ  ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)