မင်းဘူး ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ကွင်းဆင်း၍ ဆွေးနွေးပွဲများ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့ နဂါးပွက်တောင် မဟာအတုလတိလောက ရာဇမုနိဆုတောင်းပြည့်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် ကန့်သတ်ချက်များ၊ စစ်မှုထမ်းရမည့်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းတာဝန်များ၊ စစ်မှုထမ်းသူ၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်ပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်အာဏာတည်ခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ရုပ်သိမ်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဌာန်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့သတ်မှတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူး လှိုင်ဝင်းက လတ်တလော ထွက်ပေါ်နေသည့် ကောလဟာလများ၊ သတင်းအတု သတင်းအမှားများနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် ထုတ်ပြန်ချက်သတင်းအမှန်များကို တိတိကျကျနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်နိုင်စေရန် ယခုလို အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)