ပွင့်ဖြူမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ နယ်မြေမီးသတ်စခန်း အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ မီးဘေးသတိမူစေရေးအတွက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ဦးဆောင်မှုဖြင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးနှင့်အတူ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးဘေးကြိုတင် ကာကွယ်ရန် မီးငြှိမ်းသတ်ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးကြွင်းမီးကျန်များ စနစ်တကျ ငြှိမ်းသတ်ဆောင်ရွက်ရေး၊ မီးလောင်စေသော လောင်စာများမရှိစေရေး သန့်ရှင်းရေး မပျက်ပြုလုပ်ဆောင်ရွက်ရေး၊ လျှပ်စစ်မီးများ ကိုင်တွယ်အသုံးပြုရာ၌ မီးဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ရေလှောင်ကန်များ၌ ရေများဖြည့်တင်းထားရှိရေးစသည့် မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လိုက်လံသတိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စည်ပင်သာယာဈေးများနှင့် လူနေအိမ်များအား မီးဘေးလုံခြုံစေရေးအတွက် ကွင်းဆင်းသွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ် ရမည့်လုပ်ငန်းများကို အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကာ အရေးပေါ် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် မီးငြှိမ်းသတ်နည်းစနစ်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေမီးသတ်စခန်းများဖြစ်သည့် ကုန်းဇောင်း၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ မဲဇလီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ဒေသခံပြည်သူလူထု မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု/မီးလန့်မှုများ လျော့နည်းပပျောက်စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ မီးဘေးကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးအကြံပြုခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )