မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

မြို့သစ် ဖေဖေါဝါရီ  ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပလတ်စတစ်ကင်းစင် ပပျောက်စေရန်ရည်ရွယ်၍ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့မစျေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ မြို့သစ်မြို့ မြို့မဈေး အတွင်း/အပြင်ရှိ ဈေးရောင်း ဈေးဝယ်သူများနှင့် တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်အိတ် သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုး ပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှု အခြေအနေများကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်လျှော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင် သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများကို မှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)