ကျွန်းလှမြို့နယ်၌ မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေတင်ပြီး စိုက်ပျိုးသော မုန်လာထုပ် (ဂေါ်ဖီထုပ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ချောင်းရေတင်ပြီး (ဒေသအခေါ်ရေပင်) ရာသီအလိုက် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးပါတယ်။ အခုအခါ ပန်းမုန်လာ၊ မုန်လာထုပ်၊ ကြက်သွန်၊ ဖူးစားပြောင်း သီးနှံများ စိုက်ပျိုးထားပါတယ်။ ဒီနှစ် တစ်ပိုင်တစ်နိုင် မုန်လာထုပ် အပင် (၃၀၀၀) ကျော် စိုက်ပျိုးထားပြီး ငွေကျပ် လေးသိန်းကျော် ကုန်ကျပါတယ်။ လက်ရှိ မုန်လာထုပ် တစ်ထုပ်ငွေကျပ် ၅၀၀၊ ၆၀၀ ဈေးရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေရပါတယ်” ဟု ရှမ်းစုကျေးရွာ မုန်လာထုပ်စိုက်ပျိုးသူ ဦးဆွေလေးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိသားစုအတွက် ဝင်ငွေရရှိကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်လမ်းရရှိနေကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)