မင်းလှမြို့နယ်တွင် ဗီယက်နမ်လက်ဆွဲ ကောက်စိုက်စက်ဖြင့်နွေစပါး (ဆာဖိုးသာ)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

အထက်မင်းလှ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ) အသုံးပြု၍ ဗီယက်နမ်လက်ဆွဲကောက် စိုက်စက်ဖြင့် နွေစပါး(ဆာဖိုးသာ)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်(၈)နာရီက ရုံးရပ်တောင်ပိုင်း ရပ်ကွက်၊ ကွင်းအမှတ်(၈၆၁) ၊ဦးပိုင်(၁၄၄/၂၉၉) တောင်သူဦးခင်အောင်ဆွေ၏ (၁.၅၀)ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ဗီယက်နမ်လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး(ဆာဖိုးသာ)စိုက်ပျိုးခြင်း သရုပ်ပြပွဲဆောင်ရွက်ရာတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းတို့က လက်ဆွဲကောက်စိုက်ဖြင့်‌ နွေစပါးစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ တောင်သူများမှ လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သိလိုသည်များကို  မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် မြို့နယ်အတွင်းရှိ တောင်သူများအဖွဲ့(၁၅)ဖွဲ့အား ချေးငွေကျပ်သိန်း (၁၁၈၃၅၀၀၀၀) ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး(ဆာဖိုးသာ) စိုက်ပျိုးရာတွင် ဦးခင်အောင်ဆွေပါ (၃)ဦးမှနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ ချေးငွေကျပ် (၇.၀၅) သန်းဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ)အသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်သည်။ 

အဆိုပါ နွေစပါး(ဆာဖိုးသာ)အား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၂၆)ရက်နေ့က စတင်ပျိုးထောင်ခဲ့ရာ ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)