မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာမဏ္ဍပ် ပန္နက်တင်အခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရှေ့ဟောင်းအမွေအနှစ် စာရင်းဝင် ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်ဘုရားတွင် သဲဖြူဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီးတွင် ဆောက်လုပ်မည့် မင်္ဂလာမဏ္ဍပ်များ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုရားပုရဝဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့်တပြိုင်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာပန္နက်တော်ကိုးချက်စိုက်ထူ၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကာ "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဆက်လက်၍ ရွှေရောင်တော်ဘုရား ရင်ပြင်ပေါ်တွင် ရှင်အပါး(၅၀၀၀) ရှင်ပြုမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မဟာမြိုင်သဲဖြူဆရာတော် ဘဒ္ဒန္တပညာဇောတ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သာသနာ့ဘောင်သို့သွတ်သွင်းရန် မကြုံကြိုက်သေးသည့် လူငယ်လူရွယ် ငါးထောင်ကျော်အား ဧပြီလပထမပတ်တွင် သာသနာ့ဘောင်သို့ သွတ်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များအနေဖြင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို  အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး  ဦးသန်းဆွေဝင်းက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊  တက်ရောက်လာသည့် ကော်မတီဝင်များက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ