ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ထူးကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ ၁ မိုင် ၊ ၇ ဒသမ ၉ ဖာလုံ ရှိပြီး ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၇၃ ဒသမ ၁၅ သန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းကို တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ထူးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အောင်မြင်စွာဖောက်လုပ်ပြီးစီးပြီဖြစ်၍ ကျေးရွာ(၇)ရွာရှိ စုစုပေါင်းအိမ်ခြေ ၈၄၅ အိမ်မှလူဦးရေ ၃၈၈၇ ဦး၏ စိုက်ပျိုးလယ်မြေဧက ၇၅၀ အတွက် ရာသီမရွေး အဆင်ပြေစွာသွားလာစိုက်ပျိုးလုပ်ကိုင်နိုင်ပြီဖြစ်ကာ လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)