ပွင့်ဖြူမြို့ပေါ်ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် အဆောက်အဦများ(Bye Law)ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့်အညီ ဆောက်လုပ်နိုင်ရေး ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အဆောက်အဦများ ဆောက်လုပ်ရာ၌ (Bye Law) ခွင့်ပြုချက်များနှင့်အညီ စည်းကမ်းလိုက်နာ ဆောက်လုပ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ပေါ်ရှိ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့် အဆောက်အဦ လုပ်ငန်းခွင်များသို့ သွားရောက်ပြီး ခွင့်ပြုထားသည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း ဆောက်လုပ်ခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော အင်ဂျင်နီယာဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆောက်လုပ်ဆဲအဆောက်အဦ(၂)လုံး တည်ဆောက်နေမှု လုပ်ငန်းခွင်သို့သွားရောက်ပြီး အဆောက်အဦ ဆောက်လုပ်ရာ၌ ခွင့်ပြုချက်ပါ အတိုင်းအတာပုံစံဒီဇိုင်းများ ကွဲလွဲမှုရှိ/မရှိ၊ အဆောက်အဦ ရှေ့၊ နောက်၊ ဘေး၊ ဝဲယာ၌ မြေကျန်မှု ရှိ/မရှိ၊ ထပ်မြင့်အဆောက်အဦများတွင် သတ်မှတ်ပုံစံပါ မြေအနက်ပေပြည့်မီမှု ရှိ/မရှိ၊ လုပ်ငန်းခွင်သုံးပစ္စည်းများသွားလာရေး လွတ်ကင်းမှု ရှိ/မရှိနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးရေး စနစ်တကျစီမံဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လူနေအိမ်များ၊ ထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရာ၌ စနစ်တကျဆောက်လုပ်နိုင်ရန်အတွက် (Bye Law) ခွင့်ပြုချက်များနှင့်အညီ အမှန်တကယ်တည်ဆောက်ခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်စစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)