ပွင့်ဖြူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ပသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်နီးထာစိုးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှု၊ စစ်မှုထမ်းဆောင်ရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေ လုပ်ထုံး လုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် တပ်မတော်မှ အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများစသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု ၊ သတင်းမှားမျာသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ မရှိကြောင်း ဆွေးနွေးပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နေ့ညမပျက် လှည့်ကင်းပတ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများ၊ အကြမ်းဖက်ဖောက်ခွဲ‌ဖျက်စီးမှုများ မရှိစေရေးအတွက် အကြမ်းဖက်ဖောက်ခွဲဖျက်စီးသူများကို စိစစ်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )