ဟင်္သာတ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများတွင် အီလက်ထရောနစ်မဲပေးစက် (Electronic Voting Mechine - EVM)ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်း သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသူရိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပြည်သူများ တိတိကျကျ နားလည်သဘောပေါက်မှုရှိစေရန် အသိပညာပေးရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ မဲပေးရာတွင် ပယ်မဲများမရှိခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း Power Point ဖြင့် ရှင်းလင်းပြောကြားပါသည်။ ထို့နောက် လေးမျက်နှာမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ပါတီကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့မဲပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)