မကွေး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တေင်တွင်းကြီးမြို့နယ်၊ ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်ဘုရားတွင် သဲဖြူဆရာတော်ကြီး၏ဩဝါဒကို ခံယူ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀)ရှင်ပြုအလှူမင်္ဂလာပွဲကြီးတွင် ဆောက်လုပ်မည့် မင်္ဂလာမဏ္ဍပ်များ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီကအဆိုပါဘုရားပုရဝဏ်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့်တပြိုင်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာပန္နက်တော် ကိုးချက် စိုက်ထူ၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကာ "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ ရွှေရောင်တော်ဘုရား ရင်ပြင်ပေါ်တွင် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မဟာမြိုင်သဲဖြူဆရာတော် ဘဒ္ဒန္တပညာဇောတ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ သာသနာ့ဘောင်သို့ သွတ်သွင်းရန် မကြုံကြိုက်သေးသည့် လူငယ်လူရွယ် ငါးထောင်ကျော်အား ဧပြီလ ပထမပတ်တွင် သာသနာ့ဘောင်သို့ သွတ်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များအနေဖြင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များက အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)