ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စု၌ စိုက်ပျိုးရေးဆိုင်ရာတောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ငပုတော ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စမ်းချောင်းစဉ့်အိုးဖိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ ခရိုင်စိုက်ပျိူးရေးဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးထွန်းမျိုးသန့်၊ မြို့နယ်လယ်ယာမြေစီမံခန့်‌ရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အဖွဲ့အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးက မြေဩဇာကိုအကျိုးရှိထိရောက်စွာသုံးစွဲနည်း၊ မြေဆွေးပြုလုပ်သုံးစွဲနည်း၊ လေလွင့်ဆုံးရှူံးမှုနည်းပါးအောင်အသုံးပြုနည်း၊ သစ်ရွက်‌ဆွေး၊ လယ်ယာမြေစွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း၊ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း၊ စပါးသီးနှံကို ဓာတ်မြေဩဇာအချိုးကျ အချိန်ကိုက်သုံးစွဲနည်းနှင့်မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်ကိစ္စရပ်များကို တောင်သူများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ သိရှိလိုသည်များကို မေးမြန်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို တောင်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

အောင်သူ (ပြန်/ဆက်)