ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေး

ဇလွန် ဖေဖော်ဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေလင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ ပါဝင်သည့်အဖွဲ့သည် ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက ဇလွန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ (၅၃၉)ဦးတို့အား ကျန်းမာရေးကုသပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရောဂါ (၁၂၀)ဦး၊ ခွဲစိတ်ရောဂါ (၁၂) ဦး၊ ကလေးရောဂါ(၁၇)ဦး၊ အရိုးလူနာ(၁၃၆)ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ(၄)ဦး၊ မျက်စိရောဂါ(၁၅၉)ဦး၊ သွားရောဂါ(၇၅)ဦး၊ သားဖွားမီးယပ်ရောဂါ(၁၆)ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးကုသပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ​ဒေါက်တာရွှေဝါမြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)