ငဖဲ ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်း ၁၂၇၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများ အနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများသီးနှံများ အဆင်ပြေစွာ ထွန်ယက် စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးပျိုးထောင်နိုင်ရေးတို့အတွက် မန်းချောင်းရေလှောင်တမံ၊ ရင့်ရှည်ရေလှောင်တမံနှင့် ဆည်ငယ်၊ ကန်ငယ်များမှ ဆည်ရေများကို သက်ဆိုင်ရာမြောင်းမကြီးများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများသို့ စနစ်တကျဖြန့်ဝေပေးလျက်ရှိရာ ကျေးရွာအုပ်စု (၈) အုပ်စုတွင် နွေစပါး ဧက ၅၀၀ နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုတွင် နွေနှမ်း ၇၇၅ ဧက စုစုပေါင်း ၁၂၇၅ ဧက လျာထား စိုက်ပျိုးသွားမည် ဖြစ်သည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးနှင့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရေး၊ နွေသီးနှံလျာထားစိုက်ဧကပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)