အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

တောင်ငူ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) မြက်ခင်းရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးက အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ကျော့ကျော့ရီက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဆုံးမစကားပြောကြားသည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) (တောင်ငူ) ကျောင်းသားဟောင်းများ၏ (ကိုယ်စား) ကျောင်းသားတစ်ဦးက အမှာစကားပြောကြားကာ ဒုတိယနှစ် ကျောင်းသားကျောင်းသူများက "သာစွမြန်မာ" သီချင်း၊ ရိုးရာယဥ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး မောင်မယ်သစ်လွင်များကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြခဲ့ကြပြီး စက်မှုလက်မှုသိပ္ပံ (တောင်ငူ) ကျောင်းသား ကျောင်းသူများ၏ တီထွင်ထုတ်လုပ်ထားသော လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုကြသည်။

အဆိုပါ စက်မှုလက်မှုသိပ္ပံ (GTI) (တောင်ငူ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မောင်မယ်သစ်လွင် (၉၇) ဦး၊ ဒုတိယနှစ်ကျောင်းသား ကျောင်းသူ (၁၄၃) ဦး၊ စုစုပေါင်း (၂၄၀) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)