ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေလင်းက ဒေသခံအမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် မိမိကိုယ်မိမိရပ်တည်နိုင်ရန်နှင့် တဖက်ကလမ်းမှဝင်ငွေများရရှိစေရန်၊ နိုင်ငံတော်ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားစေရန်နှင့် အမျိုးသမီးများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာများကို ဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများကိုယ်ပိုင်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်ရရှိခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုမြင့်မားလာခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းနှင့် လူမှုစီးပွားဘဝမြင့်တက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိသည့်အပြင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ မြင့်မားလာကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့ကျမှုကို အထောက်အပံ့ဖြစ်စေကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကရရှိသောပညာရပ်များကို အမျိုးသမီးများ၏ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိမှုတွင် အထောက်အကူပြုမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကရရှိသည့် ပညာရပ်များကို မိမိကိုယ်တိုင်၊ မိသားစုနှင့် မိမိပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိရှိပြန်လည်အသုံးချသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူဒေါ်လင်းလင်းအေးက ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများ လက်တွေ့ပြုလုပ်လုပ်ထားသော အမျိုးသမီးအသုံးအဆောင်ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)